Tuesday, April 11, 2023

ခေတ်ကိုက






(၁) 

 ကယ်တင်ရှင်မျှော်ရင်း 

ငါသာလျှင် အိုစာသွားခဲ့တယ် 

ခေတ်ကိုက 


 (၂) 

 တေးသွားတွေ 

ရိုဂရမ်ထဲကထွက်လာတဲ့ ခေတ် 

နံနက်စာကို 

သတင်းတွေ စားသုံးတဲ့ ခေတ် 

တရားစောင့်နတ်တွေ 

မုဒိန်းကျင့်ခံလိုက်ရတဲ့ ခေတ် 


(၃)

လူလုပ်ဖုန်းဆိုးမြေမှာ 

ဘယ်အပင်တွေများ 

ရှင်သန်ပေါက်ရောက်နိုင်မှာလဲ 


စိမ်းလန်းတဲ့မြေဟာ 

ကန္တာရအဖြစ် ဆင့်ကဲပြောင်းလဲခဲ့တာကို 

ဒီခေတ်ကြီးထဲမှာ 

မျက်ဝါးထင်ထင်ပြန်မြင်ရပြန်ပေါ့ 


ဘယ် ပဒေသရာဇ်တွေ 

ဘယ် စစ်ဘုရင်တွေ 

ဘယ် ကိုလိုနီတွေကများ 

လူသားနဲ့ ပတ်ဝန်းကျင်ကို 

တန်ဖိုးထားခဲ့ကြလို့လဲ 


သူတို့ရဲ့ ဓါးသွားတွေအောက်မှာ 

အမှန်တရားဟာ လည်စင်းပေးခဲ့ 

သူတို့ရဲ့ ဓါးသွားတွေအောက်မှာ 

တရားဥပဒေဟာ မျက်ကန်းဖြစ်ခဲ့ 

သူတို့ရဲ့ ဓါးသွားတွေအောက်မှာ 

ဘာသာတရားဟာ စွံ့အနားမကြားဖြစ်ခဲ့ 


(၄) 

ဒီနှစ် အီစတာတောင်ပြီးသွားခဲ့ပေါ့ 

လာ သူငယ်ချင်း 

ငါတို့ ကဗျာတွေပြန်ရွတ်ကြရအောင် 


အပြင်မထွက်နိုင်တော့တဲ့ 

မျက်ရည်တွေနဲ့ 

ငါတို့ ကဗျာတွေပြန်ရွတ်ကြရအောင် 


ကိုယ့်အနာ 

ကိုယ့်လျာနဲ့ကိုယ်ပြန်ယက်ရင်း 

ငါတို့ ကဗျာတွေပြန်ရွတ်ကြရအောင် 


ပြန်လည်ရှင်သန်ခြင်းမျိုးစေ့တွေ 

စိုက်ပျိုးထားရင်း 

ငါတို့ ကဗျာတွေပြန်ရွတ်ကြရအောင် 

ခေတ်ကိုက 


မင်းမွန်သစ် 

(11/04/2023)

No comments:

Post a Comment