Thursday, July 7, 2016

ကျွန်တော့်ဘဝရဲ့ ဇူလိုင်(၇)




လွန်ခဲ့သော (၈) နှစ်တိတိက ကောင်လေးတစ်ယောက်ရဲ့ခရီးဟာ မပြီးဆုံးသေးတဲ့ ရာဇာဝင်တွေ ရေးထွင်းဖို့ဒီနေ့တည့်တည့်မှာ စတင်ခဲ့တယ်။ အိပ်မက်တွေ ရင်ဘတ်ထဲအပြည့် ဖြည့်သိပ်ထားတာကလွဲရင် ဗလာဟင်းလင်း။ ဒါပေမယ့် မျှော်လင့်ခြင်းတွေ ပိုက်ထွေးလို့ အစိမ်းရောင် အခင်းအကျင်းတွေနဲ့စစ်ခင်းဖို့ သူထွက်လာခဲ့တယ်။ မွေးဖွားရာ မြေကိုစွန့်ပြီးလေ။
" နှလုံးသားတစ်ခြမ်းက ကိုယ်ထုဆစ်ချင်ခဲ့တဲ့ ဘဝအတွက်ဆိုရင်
ကျန်တစ်ခြမ်းက ကိုယ်ပြန်လင်းစေချင်တဲ့ သူတွေအတွက်ဖြစ်မယ်။"

 ကျန်နေခဲ့တဲ့ မြေကြီးက ကျွန်တော့်ကို မဆုံးရှုံးဖို့ ဆုတောင်းပေးနေနေရဲ့။ သူတို့ရဲ့ငိုရှိုက်ဝမ်းနည်းနေမှုတွေကို တစ်နေ့ကျွန်တော့် လက်စိုတွေနဲ့ ဖြေသိပ်ပေးချင်တယ်။ သူတို့က ကျွန်တော့်ကို မဆုံးရှုံးချင်သလို သူတို့ကိုလည်း ကျွန်တော်မဆုံးရှုံးချင်ဘူး။ ဒါဟာ ရိုးရိုးသားသား ပြတ်သားမှု ဖြစ်တယ်။ 

တကယ်တော့ လေယာဉ်ပျံသယ်ဆောင်သွားခဲ့တာ ကျွန်တော့်ရဲ့ ကိုယ်ခန္ဓာသာ ဖြစ်တယ်။ စိတ်ဓါတ်ကိုတော့ ခေါ်ဆောင်သွားလို့မရဘူး။ ဒါပေမယ့် ရှင်သန်ရမယ့် ဘဝသစ်ဟာ မသိကိန်းတွေများလွန်းလှတဲ့ ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ ကိုယ့်ကိုကိုယ် တည်ကိန်းထားပြီး အဖြေမထွက် ထွက်အောင် အားတင်းတွက်နေရတာ။ တစ်ခါတစ်လေ ထိုးကြွေးလိုက်ရတာလည်း ရှိလေရဲ့။ 

" ဒါကြောင့် ဘဝသစ်ဟာ ဖြစ်တည်မှုအသစ် မဟုတ်
ကစားပွဲ အသစ်တစ်ခုသာ ဖြစ်တယ်။ "

ယဉ်ကျေးမှု၊ လိုက်လျှောညီထွေ ဓလေ့ထုံးစံ၊ ဆက်သွယ်မှု ကိရိယာ၊ လူနေမှုစတိုင်သစ် ဒါတွေအားလုံးဟာ ကျွန်တော့်ကို ရှော့ ဖြစ်စေ ခဲ့တာလား။ ဒီကစားပွဲမှာ ဒီ tools တွေ မကိုင်တတ်ရင် ခွက်ခွက်လန်ရှုံးပြီးသာမှတ်။ တကယ်တော့ အခွံတွေကိုသာ ယစ်တွယ်နေသော ဒီအသိုင်းအဝိုင်းကို ကျွန်တော်မုန်းတယ်။ ဒီလိုနဲ့ အမုန်းကို လူမသိ သူမသိ ရင်ဘတ်ထဲ တိတ်တိတ်ခိုး စိုက်ပျိုးပြီး ဒီပွဲကို အရှုံးမရှိအောင် အလှဆုံးကြိုးစားပြီးကစားနေရတယ်လေ။

" စိုက်ပျိုးရင် ရှင်သန်၊ ရှင်သန်ရင်းစိုက်ပျိုး၊ ဒီလိုနဲ့ တစ်မိုးပြီးတစ်မိုး ထပ်ထပ်လင်းရော့။" 

 ရင့်ကျက်မှုနဲ့ လမ်းလျှောက်ခွင့်ရနေဖို့ စမ်းသပ်ခြင်း ဓါတ်ခွဲခန်းထဲ ဝင်လိုက်ထွက်လိုက်နဲ့လေ။ ဒါပေမယ့် နောက်ထပ် မျှော်လင့်ချက်တစ်ခု ထပ်ပျိုးမိတယ်။ ရိုးရိုးလေးပါ။ ရွှေပြည်တော်ပြန်တဲ့ တစ်နေ့ ကျွန်တော်စိုက်ပျိုးတဲ့အတိုင်း ပြန်ရိတ်သိမ်းခွင့်ရချင်ပါတယ်။ 

" ကောင်းကင်မှာ အလင်းသစ်တွေ ဖြာခင်းသော တစ်နေ့ ထိုတစ်နေ့ကျရင်ပေါ့………"

Wednesday, July 6, 2016

ကျွန်တော်သည် အခွံချွပ်ထားသော မျောက်တစ်ကောင်




အဲဒီညက ခြိမ်းသောမိုးမျိူး ဒီတစ်သက်မှာ ကျွန်တော်တစ်ခါမျှပင် မတွေ့ဖူးပါ။ ဒီဒေသကို အမှန်တစ်ကယ်စွန့်ခွာတော့မည်ဆိုမှ ရင်မှာဆို့နင့်ကြေကွဲ လာသည်။ ငြင်းဆန်မရသော ဖိအားတစ်စုံတစ်ရာကြောင့် ကျောခိုင်းခဲ့ရခြင်း ဖြစ်သည်။ တကယ်တော့ ကျွန်တော်သည် အခွံချွပ်ထားသော မျောက်တစ်ကောင်သာ ဖြစ်သည်။

(၁) ကျွန်တော်နှင့် မျိုးရိုးဗီဇ 

ကျွန်တော်ငယ်ငယ်တုန်းက အမေမကြာခဏပြောဖူးသည်။

“ အမေတို့မျိူးရိုးဟာသာမန်မဟုတ်ဘူး။ အခု လူလို့ခေါ်တဲ့ သတ္တာဝါတွေဟာ အမေတို့ ဆီကဆင်းသက်တာ။ အမေတို့ဟာ မျောက်မျိူးစိတ်ထဲမှာအမြင့်ဆုံး အမြတ်ဆုံး။ ဒါကို ဂုဏ်ယူတတ်ရမယ်သား “ 
အမှန်တော့ ကျွန်တော်သိပ်နားမလည်ပါ။ တန်ဖိုးတစ်ခုကို ဘာပေတံနဲ့ တိုင်းတာသလဲ။ ထာဝရအမှန် အမှားဆိုတာရော တကယ်ရှိသလား။ ကိုယ့်မျိုးရိုးကို ဂုဏ်ယူတတ်ဖို့ တခြားသူကိုထိခိုက်စရာလိုသလား။ တကယ်တမ်းတော့ အဖေကျွန်တော့်ကို စိတ်ပျက်နေတာ ကြာပြီ။ ပြောရရင် အဖေက ဒီဒေသမှာ အကုန်လုံး လေးစားခင်မင် အားကိုးမှုကို ရထားသူ။ မျက်နှာကြီးပေါ့။ ကျွန်တော်ကတော့ (အဖေ့စကားအရ) စောက်တလွဲကောင် မျိုးရိုး သိက္ခာချတဲ့ကောင် မျိုးမစစ်ကောင် စသည်ဖြစ် နာမည်မျိုးစုံ ခေါ်ဝေါ်ခံရလေ့ရှိသည်။ (သူ့လိုဖြစ်စေချင်တဲ့ အဖေရဲ့စေတနာကိုတော့ ကျွန်တော်နားလည် ခံစားရ ပါတယ်။)

(၂) ကျွန်တော်နှင့် ပြင်ပလောက  

ကျွန်တော် အရွယ်ရောက်တော့ စူးစမ်းချင်သော စိတ်ကအတော မသတ်နိုင်သေး။ ရွယ်တူတွေက မျောက်တို့ တတ်အံ့သော ကိုယ်ခံပညာ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ အတတ်ပညာများ သင်ယူလေ့လာ တတ်မြောက်ဖို့ အသီးသီးကြိုးစားနေကြချိန်မှာ ကျွန်တော်က ပတ်ဝန်းကျင်ဆိုင်ရာ စူးစမ်းမှုတွေလုပ်၊ တခြားမျိူးမတူတဲ့ သတ္တဝါတွေဆီသွားပြီး သူတို့ရဲ့ ဓလေ့ထုံးစံတွေ လေ့လာ၊ ဒီလိုနဲ့ပဲ ဘာသာစကားမျိုးစုံ သင်ယူတတ်မြောက် လာသည်။ မျိုးရိုးမတူတဲ့ မိတ်ဆွေသူငယ်ချင်းများရဲ့မှတ်ချက်တွေ အယူအဆတွေ နားထောင်ရင်းနဲ့ ကျွန်တော် တို့မျောက်မျိုးရိုးတွေ ကိုယ့်ကိုကိုယ် ကပ်သီးကပ်သပ် ဂုဏ်ယူနေကြတာကို နားလည်လာသည်။ အင်အား ပါဝါ တွေ ကြီးလာအောင် ကြိုးစားပြီး ကိုယ့်ထက်အားနည်းတဲ့ သူတွေအပေါ် လွှမ်းမိုးအနိုင်ယူချင်နေတာတွေ နားလည်လာသည်။ သူတို့ကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်း လို့နာမည်တပ်ထားကြသည်။မျိုးရိုးဝါဒတွေ နေ့တိုင်း သင်ကြားပြီးတော့ ပုံစံသွင်းထားကြသည်။ သို့နှင့် ပြောဆိုဆုံးမ မရသော ကျွန်တော့်ကို အဖေက ခေါ်ပြီး

”မင်းးဒီဒေသမှာ နေချင်ရင် ငါတို့ပြောတာလိုက်နာ ဒါမှမဟုတ် ဒီကထွက်သွား” 

လို့တစ်ခွန်းတည်း ပြောလေသည်။

(၃) ကျွန်တော်နှင့် ကတ္တီပါလမ်းခွဲ  

ဒီမြေမှာကြီး ဒီလေကို ရှူရှိက်ပြီး အသက်ရှင်သန်လာခဲ့သော ကျွန်တော့်ရဲ့သွေးကတော့ ဒီမျိူးရိုးစစ်စစ်ပါ။ ဒါပေမယ့် မတူညီတာတွေ ဝတ်ဆင်ချင်ခဲ့သူ မတူညီမှုတွေကို အလှတရားတစ်ခုအဖြစ် ပေါင်းစပ်ချင်ခဲ့သူ တစ်ဦးသာဖြစ်သည်။ ကျွန်တော်က စွန့်ခွာသွားခဲ့တာလား ကျွန်တော့ကို စွန့်ခွာသွားခဲ့တာလား မသေချာပေမယ့် ဒီဒေသကတော့ ကျွန်တော့ရင်ဘတ်ထဲမှာ စွဲမြဲစွာ ကျန်ရစ်နေဆဲပါ။

"တကယ်တော့ ကျွန်တော်သည် အခွံချွပ်ထားသော မျောက်တစ်ကောင်သာ ဖြစ်သည်။"


(မင်းမွန်သစ်)  

Thursday, June 30, 2016

ကျောင်းတော်ရင်ခွင်





သူ့ဆီမှာ 
တင့်တယ်မှုတွေ မရှိပါဘူး 
နူးညတဲ့မြေသင်းရနံ့နဲ့ 
မျောလွင့်လာတဲ့ 
ရေတမာရွက်ခြောက်တွေ 
တောက်ပမှုကင်းမဲ့စွာ လှပနေပါတယ်။ 

သူ့ဆီမှာ 
မာန်မာနတွေ မရှိပါဘူး 
နွေးထွေးတဲ့ အပြုံးနဲ့ 
ဝင်လာသူ ကျောင်းသူကျောင်းသားတိုင်းကို 
ရင်းနှီးစွာ ဆီးကြိုနေပါတယ်။ 

 သူ့ဆီမှာ 
ငါတို့ရဲ့ရင်ခုန်သံ ကဗျာလေးတွေ 
ငါတို့ရဲ့အမှတ်တရ ခြေရာလေးတွေသာ 
ထင်ကျန်ရင်း ရှင်သန်နေပါတယ်။ 

 အဲဒါ… ငါတို့ရဲ့ကျောင်းတော် 
ငါတို့ ဖြတ်သန်းခဲ့တဲ့ 
ငါတို့ကို ပွေ့ပိုက်ဖူးခဲ့တဲ့ 
ရင်ခွင်တစ်စုံပေါ့။ 

 မင်းမွန်သစ် 
၁၉၉၇ 

 (၁၉၉၆ – ၁၉၉၇ ခုနှစ်များဆီက ကျောင်းတော်သို့ အမှတ်တရ)

Monday, June 20, 2016

လွင့်မျောဆဲမိုးတိမ်




(၁)

မရှိခြင်းကို သုညလို့ပြောရင် အဲဒီကောင်ဟာ ငါဖြစ်လိမ့်မယ်။ အိပ်မက်တွေ အစီအရီသီဖို့ ကြိုးစားခဲ့ဖူးတဲ့ ကောင်ပေါ့။ မရခဲ့ပါဘူးလေ။ မရှိခြင်းတွေ အပြည့်ထည့်သိပ်ထားတဲ့ တောင်းတစ်လုံးက လွဲရင်ပေါ့။ အခုချိန်ထိ တိုးထွက်မလာနိုင်သေးတဲ့ နေရောင်ကို လှမ်းမျှော်လို့ ငါစောင့်ကြည့်နေခဲ့ဖူးတယ်။ အဲဒီလောက်အထိ ညံ့ဖျင်းတဲ့ကောင် ငါပါ။

 (၂) 

တစ်ခါတစ်လေ ခေါင်းစဉ်အကြောင်းတွေးမိရင်ဦးနှောက်ခြောက်တယ်။ ဘဝကို ခပ်ပါးပါးလေးခပ်ကြည့်မိတော့ အရှုံးတွေအပြည့်နဲ့ အောင်လံထူနေတဲ့ ငါ့ကိုငါပြန်တွေ့နေရတယ်။ ငါပြေးနေရင်းနဲ့ခြေချော်လဲ၊ ကိုယ့်ကိုကိုယ် တောင်တွေ တစ်လုံးပြီးတစ်လုံး တက်နေတယ်လို့ထင်နေရင်းနဲ့ အစကနေမကျော်လွန်နိုင်သေးဘူး။

အခုတော့ငါ့မှာ ကုန်းကောက်စရာ ပီမိုးနင်းစာအုပ်တွေမရှိဘူး။
မိုင်ထောင်ချီခြေလျင်ခရီးနှင်ပြီးကျောင်းတက်ဖို့ ကြိုးစားခဲ့သူရဲ့ ဇာတ်လမ်း ငါပြန်ဖတ်ဖို့မရှိဘူး။ ဆရာဖေမြင့်ရဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ငါ့မှာမရှိဘူး။ လဲကျတိုင်းမှာ ပြန်ထူမတ်နိုင်ဖို့ ကြိုးစားခဲ့တဲ့ အားအင်အဟောင်းတွေ ငါ့မှာမရှိတော့ဘူး။ အဲဒီဆောင်းညမှာမွေးဖွားပြီး ဆောင်းတွင်းမှာ နာကျင်အေးခဲနေတဲ့ဝေဒနာကုဖို့ ဆေးတစ်ပင် ငါ့ကိုပေးပါ။ တစ်ဖြေးဖြေးနဲ့ ပျင်းရိလာတဲ့စိတ်ကို ငါပြန်လည်မွေးဖွားချင်တယ်။

(၃) 

ဒီရာစုသစ်ထဲမှာ လေးဖြူသီချင်း ငါမဆိုနိုင်တော့ပါ။ ပွင့်ကွဲပေါက်ထွက်ဖို့ စိတ်အနုမြူဗုံး ငါတစ်လုံးပြီးတစ်လုံး တပ်ဆင်ချင်ခဲ့တယ်။ ငါ့ကို အကြမ်းဖက်သမားလို့ပဲပြောပြော ရတယ်။ ဒါပေမယ့် ငါ့ကိုငါ ပြန် အကြမ်းဖက်ချင်ခဲ့တဲ့ ကောင်ပါ။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ငါ့ကိုယ်ငါ သေဒဏ်တောင်းဆိုချင်ခဲ့တဲ့ကောင်ပါ။ ငါ့စိတ်လေနှင်ရာလွင့်ဖို့တောင် အခွင့်အရေးမရှိတဲ့ ဒီလောကမှာ ပြန်လည်ရှင်သန်ခြင်း ရွက်နုတွေ ငါ့သစ်ပင်မှာ ဝေပါရစေ။

အသစ်တစ်ဖန်မွေးဖွားတဲ့ကောင် ငါဖြစ်ချင်တယ်။

အဲဒီအချိန်ကျရင်……


(မင်းမွန်သစ်)


Friday, June 17, 2016

ကျွန်တော်နှင့်…. လမင်း





ဝေလွင်လွင် 
ဟိုပင်မြင့်ဆီက
လေသင့်ရာမွှေး…..

သူ့ခြံတွင်းပေမို့ 
လမင်းကို အယူခက်တယ် 
နီးလျှက်နဲ့ဝေး။


(မင်းမွန်သစ်)