မရှိခြင်းကို သုညလို့ပြောရင် အဲဒီကောင်ဟာ ငါဖြစ်လိမ့်မယ်။ အိပ်မက်တွေ အစီအရီသီဖို့ ကြိုးစားခဲ့ဖူးတဲ့ ကောင်ပေါ့။ မရခဲ့ပါဘူးလေ။ မရှိခြင်းတွေ အပြည့်ထည့်သိပ်ထားတဲ့ တောင်းတစ်လုံးက လွဲရင်ပေါ့။ အခုချိန်ထိ တိုးထွက်မလာနိုင်သေးတဲ့ နေရောင်ကို လှမ်းမျှော်လို့ ငါစောင့်ကြည့်နေခဲ့ဖူးတယ်။ အဲဒီလောက်အထိ ညံ့ဖျင်းတဲ့ကောင် ငါပါ။
(၂)
တစ်ခါတစ်လေ ခေါင်းစဉ်အကြောင်းတွေးမိရင်ဦးနှောက်ခြောက်တယ်။ ဘဝကို ခပ်ပါးပါးလေးခပ်ကြည့်မိတော့ အရှုံးတွေအပြည့်နဲ့ အောင်လံထူနေတဲ့ ငါ့ကိုငါပြန်တွေ့နေရတယ်။ ငါပြေးနေရင်းနဲ့ခြေချော်လဲ၊ ကိုယ့်ကိုကိုယ် တောင်တွေ တစ်လုံးပြီးတစ်လုံး တက်နေတယ်လို့ထင်နေရင်းနဲ့ အစကနေမကျော်လွန်နိုင်သေးဘူး။
အခုတော့ငါ့မှာ ကုန်းကောက်စရာ ပီမိုးနင်းစာအုပ်တွေမရှိဘူး။
မိုင်ထောင်ချီခြေလျင်ခရီးနှင်ပြီးကျောင်းတက်ဖို့ ကြိုးစားခဲ့သူရဲ့ ဇာတ်လမ်း ငါပြန်ဖတ်ဖို့မရှိဘူး။ ဆရာဖေမြင့်ရဲ့ ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ငါ့မှာမရှိဘူး။ လဲကျတိုင်းမှာ ပြန်ထူမတ်နိုင်ဖို့ ကြိုးစားခဲ့တဲ့ အားအင်အဟောင်းတွေ ငါ့မှာမရှိတော့ဘူး။ အဲဒီဆောင်းညမှာမွေးဖွားပြီး ဆောင်းတွင်းမှာ နာကျင်အေးခဲနေတဲ့ဝေဒနာကုဖို့ ဆေးတစ်ပင် ငါ့ကိုပေးပါ။ တစ်ဖြေးဖြေးနဲ့ ပျင်းရိလာတဲ့စိတ်ကို ငါပြန်လည်မွေးဖွားချင်တယ်။
(၃)
ဒီရာစုသစ်ထဲမှာ လေးဖြူသီချင်း ငါမဆိုနိုင်တော့ပါ။ ပွင့်ကွဲပေါက်ထွက်ဖို့ စိတ်အနုမြူဗုံး ငါတစ်လုံးပြီးတစ်လုံး တပ်ဆင်ချင်ခဲ့တယ်။ ငါ့ကို အကြမ်းဖက်သမားလို့ပဲပြောပြော ရတယ်။ ဒါပေမယ့် ငါ့ကိုငါ ပြန် အကြမ်းဖက်ချင်ခဲ့တဲ့ ကောင်ပါ။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ ငါ့ကိုယ်ငါ သေဒဏ်တောင်းဆိုချင်ခဲ့တဲ့ကောင်ပါ။ ငါ့စိတ်လေနှင်ရာလွင့်ဖို့တောင် အခွင့်အရေးမရှိတဲ့ ဒီလောကမှာ ပြန်လည်ရှင်သန်ခြင်း ရွက်နုတွေ ငါ့သစ်ပင်မှာ ဝေပါရစေ။
အသစ်တစ်ဖန်မွေးဖွားတဲ့ကောင် ငါဖြစ်ချင်တယ်။
အဲဒီအချိန်ကျရင်……
(မင်းမွန်သစ်)
ကောင်းတယ်ဗျာ ...
ReplyDelete😊😊