ညီလေးရေ…
ငါတို့...... တောက်ပတော့မယ့်
မနက်ဖြန်တွေအတွက်
မင်းရင်ခုန်နေလား။
အိမ်မက်တွေ အစီအရီ စိုက်ပျိုးခွင့်
ငါတို့ ....... ရခဲ့ရင်ပေါ့။
မင်းငိုကြွေးခဲ့တဲ့ နေ့ရက်တွေ
စွန့်ပစ်ထား လိုက်တော့။
သမိုင်းအသစ်ကို ငါတို့တူးဖော်ကြမယ်။
ဒီကမ္ဘာပေါ်မှာ ရှိသမျှသီချင်းတွေ
ငါတို့.... ရွတ်ဆိုကြမယ်။
ဒီနေ့တည့်တည့်ကို မျက်နှာမူပြီး
ငါတို့ ...... ရှေ့ဆက်သွားမယ်။
မကြောက်နဲ့
မင်းအနောက်မှာ ဘယ်သူမှ မရှိတော့ ရင်တောင်
လုံးဝ မကြောက်နဲ့။
ဒါဟာ လောကရဲ့လှည့်ဖျားခြင်း
သောကရဲ့ ရလဒ်တစ်ခု ဖြစ်တယ်။
ကဝေဆန်တဲ့
စိတ်ရဲ့ သားကောင် အဖြစ်မခံနဲ့။
မင်းဟာ အနာဂတ်ရဲ့အလင်း
ငါတို့ ခင်းကျင်းချင်သော
နတ်မင်း ဖြစ်တယ်။
ဒီစိတ်နဲ့ ဒီနံနက်ခင်းကို
ငါတို့..... ဖြတ်ကျော်ကြမယ်။
ဘဝရဲ့ ကိုယ်ပွား ထုဆစ်ဖို့
ငါတို့..မအားခင်
အလင်းရောင်တစ်ခု ဖန်ဆင်းကြစို့။
မင်းဟာ ငါတို့ရဲ့
ဆောင်းဦးနံနက်ခင်း ဖြစ်တယ်။
ငါတို့ စိုက်ပျိုးချင်သော
မျှော်လင့်ခြင်း သစ်တစ်ပင်လည်း ဖြစ်တယ်။
တိမ်တွေ နီဆွေးသောတစ်နေ့ မှာ
ငါတို့ ..... ပြန်လည်ဆုံတွေ့ကြစို့.....
ညီလေးရေ….။

No comments:
Post a Comment